Saturday, October 12, 2013

ချဲလ်ဆီးသတင်း

တောရက်စ်မှာ ချယ်လ်ဆီး တီဗွီနှင့် တွေ့ဆုံခန်းတွင် မိမိ၏ ပေါင်သန်း (၅၀) တန်ကြေး ထိုက်တန်ကြောင်း ပြသနိုင်ရန် ယခုထက်ပိုကောင်းဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သည့်အပြင် လီဗာပူးလ်အသင်းမှ ပြောင်းရွေ့ခဲ့ခြင်းအပေါ် နောင်တမရခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်..။ ဒူးဒဏ်ရာကြောင့် အနားယူနေရသည့် တိုက်စစ်မှူးမှာ မိမိအနေဖြင့် ဂိုးပေါင်းများစွာ သွင်းယူနိုင်ဖို့ လိုအပ်နေကြောင်း ၀န်ခံပြောကြားခဲ့သလို လုံလောက်သည့် ကစားခွင့်ရပါက မိမိအနေဖြင့် သေချာပေါက် စွမ်းဆောင်နိုင်မည်ဖြစ်ကြောင်း ဖြည့်စွက်ခဲ့သည်..။ တောရက်စ်မှာ ချယ်လ်ဆီးအသင်းအတွက် (၁၃၉) ပွဲကစားပြီးချိန်တွင် (၃၇) ဂိုးသာ သွင်းယူပေးထားခဲ့သည့်အတွက် မျှော်လင့်ထားသလောက် အသင်းတွင် အောင်မြင်မှု မရခဲ့ပေ..။ “ကျွန်တော်နဲ့ ပတ်သက်ရင် အားလုံးက အခုထက်ပိုပြီး စွမ်းဆောင်ရည် ကောင်းသင့်တယ်လို့ ပြောကြပါတယ်.။ ဒါဟာလည်း အမှန်ပါပဲ..။ ကျွန်တော့်ကို ပိုက်ဆံအများကြီး ပေးခဲ့တဲ့အကြောင်းရင်းက ကျွန်တော်ရဲ့ အတိတ်က စွမ်းဆောင်ခဲ့မှုတွေကြောင့်ပါ..။ ဒါ့ကြောင့်ထိုက်တန်ကြောင်းကို ပြရမှာ ဖြစ်ပါတယ်..။ ကျွန်တော့်အနေနဲ့ အသင်းပိုင်ရှင်ရဲ့ ယုံကြည်မှု ပြန်ရအောင် အများကြီး ကြိုးစားပြရဦးမယ်ဆိုတာ နားလည်ပါတယ်..။ မနှစ်က သွင်းခဲ့တဲ့ (၂၃) ဂိုးဆိုတာ တစ်နှစ်မှာ ကျွန်တော်အနည်းဆုံး သွင်းတဲ့ဂိုး အရေအတွက်ပဲ ဖြစ်သင့်ပါတယ်..။ ကျွန်တော်ဒီလိုစွမ်းဆောင်နိုင်ဦးမလားလို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်မိတယ်..။ ကျွန်တော်အသင်းနဲ့ (၅) နှစ်ခွဲ စာချုပ်ချုပ်ခဲ့တာမို့ အနာဂတ်မှာ ပိုကောင်းအောင် လုပ်ပြဖို့ အချိန်ရှိနေပါသေးတယ်..။” ထို့အပြင် ဖာနန်ဒို တောရက်စ်က ချယ်လ်ဆီးအသင်းတွင် အခက်အခဲများနှင့် ရုန်းကန်ခဲ့ရကြောင်း၊ သို့သော် လီဗာပူးလ်အသင်းမှ ပြောင်းရွေ့လာခြင်းအပေါ် နောင်တမရမိကြောင်း၊ သို့သော် မိမိအနေဖြင့် ကြိုးစားမှုအပေါ် အားပေးမှုထက်စာရင် ဝေဖန်မှုများကိုသာ ပိုမိုရရှိခဲ့ကြောင်း ယခုလို ပြောကြားခဲ့သည်..။ “ချယ်လ်ဆီးအသင်းကို ပြောင်းခဲ့ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပေမယ့် ကျွန်တော်ကျေနပ်ပါတယ်.။ ကျွန်တော်ရောက်ခဲ့ပြီးနောက် အသင်းက ရရှိခဲ့တဲ့ အောင်မြင်မှုတွေ အနေနဲ့ ပြန်ကြည့်ရရင် အသင်းလိုက်တော့ အောင်မြင်တဲ့၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ..။ ရုန်းကန်ရတဲ့နေရာမှာ အခက်အခဲဆုံးကတော့ အလွန်အကျွံ ဝေဖန်မှုတွေပါပဲ..။ ကျွန်တော်ဂိုးသွင်းနိုင်ခဲ့ရင် သာမာန်ပဲ ပြောကြပေမယ့် လွဲချော်ခဲ့ရင်၊ အနီကတ်ဒ်ထိရင်၊ ဂိုးတိုင်ထိရင် ဝေဖန်မှုတွေက အတောမသတ် နိုင်အောင်ပါပဲ..။ မနှစ်က ဘောလုံးရာသီဟာ ကောင်းမွန်ခဲ့ပါတယ်..။ ဂိုးတွေလည်း (၂၃ ဂိုး) တော်တော်သွင်းနိုင်ခဲ့တယ်..။ ဖလားပွဲတွေကိုလည်း စိန်ခေါ်နိုင်ခဲ့တယ်.။ ဒါပေမယ့် လူတွေကို မေးကြည့်ရင်တော့ ကျွန်တော့်ကို အခုထက်ပိုပြီး စွမ်းဆောင်ပြသင့်တယ်လို့ပဲ ပြောကြမယ်..။ ခုနက ပြောသလိုပါပဲ..။ ကောင်းတဲ့အရာဆိုရင် အရာမထင်ပဲ ပျောက်ကွယ်သွားပေမယ့် ဆိုးရွားခဲ့တဲ့အရာများကတော့ အရမ်းကို ဆိုးဝါးသွားခဲ့တာပါပဲ..။”

No comments:

Post a Comment